Thursday, 23 September 2010

အမုန်းစာရင်း(မောင်စွမ်းရည်)

အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးသံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ် ။

ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ် ။

တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

မျဉ်းကြားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ် ။

အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ် ။

ဘတ်စ်စကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ် ။

ယောက်ျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တို့ပတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

မိန်းမတန်မဲ့၊သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သရေကျသူ
အဲဒီလူ ငါ မုန်းတယ် ။

သူများအိမ်တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ် ။

ကတိလည်း မပေး၊ ပေးရင်လည်း မတည်သူ
အဲဒီလူ ငါ မုန်းတယ်။

အိပ်ယာဝင် အိပ်ယာထ
ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ် ။

အာဃာတထား၊ အမုန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ မုန်းတယ် ။

ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ် ။

အို…ငါ့ကိုငါလဲ မုန်းတယ်။

မောင်စွမ်းရည်
စာပေဂျာနယ်
ဖေဖော်ဝါရီ်(၁၉၉၇)

0 comments:

Post a Comment

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez